Pages

Monday, May 10, 2010

ဆိုဖီယာ

ကျွန်မဆီလာတဲ့အခါ

ရှင့်ခေါင်းထဲမှာ တစ်လက်လက်တောက်ပနေတဲ့ အတွေးအခေါ်တစ်ခု

ဒါမှမဟုတ် ထိလိုက်တာနဲ့ ငြိသွားမယ့် ဓားမြှောင်တစ်ချောင်း

ရှိဖို့ လိုလိမ့်မယ်

ကျွန်မ သဘောမကျရင်

ကျွန်မ ဆိုးထားတဲ့ နှုတ်ခမ်းနီမှာ ဆိုင်ယာနိုက်အဆိပ်ရှိတယ်

ကျွန်မ စိတ်လိုလက်ရရှိရင်

ရယ်မောနေတဲ့ ကျွန်မကိုယ်ပေါ်မှာ ကမ္ဘာသစ်တစ်ခုကို ရှင်တွေ့မယ်

ကျွန်မ မကြိုက်တာ ရှင်တို့ယောက်ျားတွေက

စိတ်ထဲရှိတဲ့ အကြိတ်အခဲမှန်သမျှ

လူရှေ့ သူရှေ့ မရှောင်ထုတ်ပြတတ်တဲ့

ဖောက်ခွဲရေးသမားတွေ ဖြစ်နေတာပဲ

အခုကိုပဲ ရှင်ဟာ မျက်လုံးနဲ့

ကျွန်မကိုယ်ပေါ်က အ၀တ်တွေကို တစ်လွှာချင်း ဆွဲဖြဲပြီး

ကျွန်မခန္ဓာကိုယ်ကို တစ်စခြင်း စုပ်ယူနေပြီလေ

တကယ်တော့ ကျွန်မတို့ရွေးရမှာ နှစ်ခုထဲက တစ်ခု

ကျေးဇူးပြုပြီး ကျွန်မ ကံကြမ္မာနဲ့ ကျွန်မရွာအကြောင်းမပြောပါနဲ့

ကျွန်မဆံပင်တွေ စိမ်းချင်စိမ်း ပြာချင်ပြာမယ်

ကျွန်မ ပါးပေါ်ကမှဲ့ နီချင်နီ နက်ချင်နက်မယ်

တစ်ခုပဲ

ကျွန်မဆီလာတဲ့အခါ အခန်းတံခါးကိုဖြည်းဖြည်းပိတ်ဖို့ မမေ့ပါနဲ့

ကျေးဇူးပြုပြီး မီးခြစ်ကလေး လှမ်းလိုက်စမ်းပါ

ကျွန်မနာမည် ဆိုဖီယာ . . .။ ။

အေးမင်းစော

ပန်းအလင်္ကာ၊ မေ၊ ၂၀၁၀

No comments:

Post a Comment